သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

သထုံ  ဖေဖော်ဝါရီ   ၂၄

မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်း ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်က အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် အလှူရှင်တို့က ကြာသင်္ကန်းတော်ကို ကိုင်ဆောင်၍ လက်ယာရစ် စီတန်းလှည့်လည်ကာ စေတီတော်ထက်သို့ တင်ဆောင်ပူဇော်ခဲ့ကြသည်။

အမ်းအနားတွင် သထုံမြို့၊ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တသုမနာဘိဝံသထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး မြသပိတ်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခဲ့မှု အခြေအနေများကို တင်ပြလျှောက်ထားသည်။

ယင်းနောက် ပဉ္စဂီရိ ချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင် ဆရာကြီး၊ ဆရာလေးများက ဝတ်အသီးသီး၌ ကပ်လှူပူဇော်မည့် ကြာသင်္ကန်းတော်များကို ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူရှင်အသီးသီးတို့က မြသပိတ်စေတီတော်မြတ်ကြီး ဘက်စုံအလှူငွေများ လှူဒါန်းကြရာ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူပြီး လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချအမျှဝေပေးခဲ့ကြသည်။

အဆိုပါနေ့တွင် ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင်သူမြတ်အပါး(၁၅၀)ခန့်အား ပြည်သူအပေါင်းတို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)