ကျောက်ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာများ၏ ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဌာန ဆိုင်ရာများ၏ ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က စံပြ ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှတ်ပေးဒိုင်အဖွဲ့ ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က အမှတ်ပေးစည်းမျဉ်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သတ်မှတ်အချိန်တွင် ပြိုင်ပွဲစတင်ပြီးဖြစ်ကြောင်းကို ဒိုင်အဖွဲ့ဝင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ရီရီမွန်က ကြေညာ၍ ပြိုင်ပွဲစတင်ကျင်းပရာ ယှဉ်ပြိုင်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့များက လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးကြသည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲကို မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ချစ်ကြည်ခြင်းများကို ဖော်ကျူး၍ ဌာနဆိုင်ရာ ဝန်ထမ်း များ စည်းလုံးညီညွတ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး ပြိုင်ပွဲသို့ ဌာနဆိုင်ရာ(၄၀)မှ အသင်း(၁၂) သင်းနှင့် ရပ်ကွက်(၁)ခု စုစုပေါင်း (၁၃)သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရွှေအင်ကြင်း အသင်းက ပထမ၊ GTI မိသားစု အသင်းက ဒုတိယနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ငွေကြယ်) အသင်းက တတိယဆု ရရှိကြပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ (မီးလျှံသူရဲကောင်းများ) အသင်းက နှစ်သိမ့်ဆု(၁)၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ (စည်ပင်မောင်) အသင်းက နှစ်သိမ့်ဆု(၂)အသီးသီး ရရှိခဲ့ကြကြောင်းနှင့် ပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်များ၊ ဝါသနာရှင်အားပေးကြည့်ရှုသူများ စုစုပေါင်း(၇၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)