သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၂၁) ကြိမ်မြောက် ထမနဲထိုး လှူဒါန်းပွဲ ကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုး လှူဒါန်းပွဲကို ယမန်နေ့က စေတီပရိဝုဏ်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။

မုဒုံမြို့နယ်နေ စေတနာအလှူရှင်များက ထမနဲအိုး တစ်အိုးလျှင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထမနဲအိုး (၅၀) အိုးကို လှူဒါန်းခဲ့ရာ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ဝေယျာဝစ္စ ကုသိုလ်ယူသူများက စည်ကားသိုက်မြိုက်စွာ ထမနဲထိုး ကူညီဆောင်ရွက်ပေးပြီး ဘုရားဖူးလာ ပြည်သူများအား ဝေငှပေးလျက်ရှိသည်။ ထို့အပြင် တပိုးတွဲ လပြည့်နေ့ နံနက်ပိုင်းတွင် ကန်ကြီးစေတီတော်၌ ထမနဲဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းများနှင့် နေ့စဥ် ဆွမ်းလောင်ရုံများထံသို့ အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)