မိုင်းဆတ်မြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

မိုင်းဆတ် ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သတင်းအမှန်များ သိရှိကြစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ ဗိုလ်ကြီးဇာနည်အောင်၊ ဗိုလ်ကြီးအောင်ကိုကိုမြင့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခေတ္တခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမြင့်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က လူစည်ကားရာနေရာများဖြစ်သည့် မိုင်းဆတ်မြို့မဈေးရှေ့ ဖြတ်သန်းသွားလာသူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ဆိုက်ခေါင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသည့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပ​​ဒေအ​ကြောင်း သိကောင်းစရာ လက်ကမ်းစာ​စောင်တွင် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်နှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့ စစ်မှုထမ်း ဥပဒေ ရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်း၊ စိုးရိမ်ရန် မလိုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ဘာ့ကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရန်ကာလ စသည်ဖြင့် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)