သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နန္ဒာခေတ်မီစံပြကျေးရွာ (SMART Village) ရှိ ဒေသခံပြည်သူများဖြင့် တွေ့ဆုံ

ပုသိမ်ကြီး ဖေဖော်ဝါရီ   ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာခေတ်မီစံပြကျေးရွာ (SMART Village) ရှိ ဒေသခံပြည်သူများဖြင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်ကျောင်းတိုက်ရှိ မယ်ရွဲဓမ္မာရုံ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် နည်းပညာပေးသင်တန်းများကိုလည်း တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိသည်အထိ ကြိုးစားလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ချေးငွေများ စနစ်တကျထုတ်ပေးရန် လိုအပ်ကြောင်းတို့ကို ပြောကြားသည်။

ထို့နောက် ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပို့ချခဲ့သည့် စက်ချုပ်နည်းပညာ သင်တန်းသူများဖြင့် တစ်ဦးချင်းမိတ်ဆက်ကာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများအား လမ်းညွှန်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ အဆိုပါကျေးရွာရှိ လယ်ယာကုန်ထုတ်လမ်း ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး၍ ဒေသခံတောင်သူများဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)