ခရမ်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များကို ခရမ်းမြို့နယ်၏ လူစည်ကားရာနေရာများ၊ မြို့ဝင်လမ်းဆုံများအတွင်းနှင့် YBS ယာဉ်လိုင်း ကားများပေါ်တွင် ဖြန့်ဝေခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသောအရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရတည်ရှိမြဲမြံစေရန် လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်ကြောင်း နှိုးဆော်ချက်ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃-၇-၁၉၄၇ ရက်နေ့တွင် ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စိုးရိမ်ရန်မလို၊ ဘာ့ကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည်တို့ဖော်ပြထားသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခရမ်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြပြီး သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )