မုဒုံမြို့နယ်တွင် ပိန်းပန်းပင်များကို စီးပွားဖြစ်စိုက်ပျိုးသူ များလာ

မုဒုံ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပိန်းပန်းပင်များကို စီးပွားဖြစ်စိုက်ပျိုးရောင်းချသူများလာပြီး စျေးကွက်တွင် အရောင်းအဝယ်သွက်လာသည်။

ပိန်းပန်းများကို ပွဲလမ်းသဘင်နှင့် အခမ်းအနားများ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းနှင့် ရေရှည်ခံအကြမ်းခံခြင်းတို့ကြောင့် စျေးကွက်တွင်နေရာရရှိလာသော ပန်းမျိုးတစ်မျိုးပင်ဖြစ်သည်။ ပိန်းပန်းပင်များကို စတင်စိုက်ပျိုးရာတွင် ရေရှည်ခိုင်မာစေရန်အတွက် အုတ်တိုင်၊ ဝါးများဖြင့် စိုက်ထူအမိုးမိုးထားပေးရန်မှာ  အဓိကလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အပင်၏မြေခံအနေအထားနှင့် ပွားစာကို မီးသွေး၊ အုန်းဆံမှုန့်တို့အား အသုံးပြုပေးရန်နှင့် အုတ်နီခဲအပိုင်းအစများကို အပင်တည့်မတ်အောင် ထိန်းထားသည့်နေရာတွင် အသုံးပြုသင့်ကြောင်း၊ အပင်အောက်ခြေတွင် ရေမဝပ်စေရန်အတွက် အုန်းခွံများထည့်သွင်းခြင်းနှင့် မြေဆွေးများလျော့နည်းမသွားအောင် အထူးဂရုပြုစိုက်ပြုရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး သုံးလအကြာတွင် အပွင့်စထွက်လာကာ ငါးလခန့်အကြာတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ ပန်းပင် (၅၀၀)ကို စိုက်ပျိုးလျှင် ခန့်မှန်းကုန်ကျစရိတ် (၂၅)သိန်းခန့်ရှိပြီး စျေးကွက်တွင် ပန်းတစ်စီးလျှင် အကြီးအသေးပေါ်မူတည်၍ ငွေကျပ် (၃၀၀၀)မှ (၅၀၀၀)အထိရရှိကာ တစ်နှစ်လျှင် ငွေကျပ်သိန်း (၆၀)ခန့် အမြတ်ရရှိသည့်အပြင် ပန်းပင်းမျိုးများကိုလည်း ခွဲ၍ရောင်းချရခြင်းနှင့် စနစ်တကျစိုက်ပျိုးပါက ရေရှည်ရောင်းချနိုင်ကြောင်း နိုင်လှုံကျေးရွာနေ ပိန်းပန်းစိုက်တောင်သူတစ်ဦးက ပြောသည်။

ပိန်းပန်းပင်များသည် အခြားပန်းပင်များကဲ့သို့ ဓာတ်မြေသြဇာသုံးစွဲရန် မလိုအပ်ဘဲ သဘာဝမြေသြဇာကြက်ချေးတစ်မျိုးတည်းကိုသာ သုံးစွဲရသဖြင့် စိုက်ပျိုးစရိတ်သက်သာကာ ရာသီမရွေးစိုက်ပျိုးရသည့် ပန်းမျိုးဖြစ်ကြောင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရန် သင့်တော်သည့် ပန်းမျိုးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)