သံတွဲ ဖေဖော်ဝါရီ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သံတွဲခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်း ထူးချွန်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်ကအမှာစကားပြောကြားသည်။ ဆက်လက်၍ စက်ချုပ်နည်းပညာသင်တန်းတွင် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူများနှင့် စက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းတွင် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် စက်ချုပ်နည်းပညာ သင်တန်းအောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သည့် သံတွဲမြို့နယ် ရွှေလှေကျေးရွာနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်း အောင်မြင်စွာဖွင့်လှစ်ပေးနိုင်သည့် ရှင်အောင်ကျေးရွာတို့အား သံတွဲခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက်သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည်တွင် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား ပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများနှင့် စက်ချုပ်နည်းပညာသင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်ပြန်/ဆက်