မလှိုင် ဖေဖော်ဝါရီ ၂၃
မလှိုင်မြို့နယ်၌ မိတ္ထီလာခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန် နေ့နံနက်(၉)နာရီအချိန်တွင် မလှိုင်မြို့ပြည်သူ့ဆေးရုံ အေးမေတ္တာကုသဆောင်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများဖြစ်ကြသောဆေးပညာ၊ မျက်စိ၊ အကြောအဆစ်၊ ကလေး၊ သားဖွားမီးယပ်၊ ခွဲစိတ်၊ သွားနှင့်ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကြီးများလိုက်ပါလျက် ဆီးချိုသွေးချို စစ်ဆေးခြင်း၊ ECGစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများနှင့် ပတ်သက်၍ ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်နှင့် တာဝန်ရှိသူများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဒေသခံပြည်သူများ၏ ဆေးကုသနေမှုကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှလှူဒါန်းသော ပန်းပေါင်းစုံ ဘုရားရုပ်ပွားတော် များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်တို့မှ ပြည်သူများလက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ဆေးကုသရန်လာရောက်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်ဇနီး ဒေါ်ခင်မာချို သမီး သွန်းဝတီစိုး မိသားစုတို့က နေ့လယ်စာများဖြင့် ဧည့်ခံကျွေးမွေး ခဲ့သည်။ နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း မလှိုင်မြို့နယ်မှ အဆို၊ အက၊ အရေး အတီးပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိသူမှ တေးသီချင်းများဖြင့်ဧည့်ခံဖျော်ဖြေခဲ့သည်။
အဆိုပါနေ့က အခမဲ့ကွင်းဆင်းဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အထွေထွေကုသ သူ(၂၂၁) ဦး၊ ခွဲစိတ်ကုသ(၅၂)ဦး၊ ကလေးကုသ(၅၇)ဦး၊ သားဖွားမီးယပ်(၁၀၁)ဦး၊ အကြောအဆစ် (၁၉၂)၊ မျက်စိ(၁၆၈)ဦး၊ နား၊ နှာခေါင်းလည်ချောင်း(၅၆)ဦး၊ သွားနှင့်ခံတွင်း(၆၄)ဦး၊ စုစုပေါင်း (၉၁၁)ဦး တို့အား ကုသပေးခဲ့ပြီးလိုအပ်သောဆေးဝါးများအား လူနာတစ်ဦးချင်းသို့ အခမဲ့ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ရောဂါရှာဖွေ စမ်းသပ်မှုများအနေဖြင့် ဓါတ်မှန်(၁၆)ဦး၊ ECGစစ်ဆေး(၄၇)ဦး၊ သွေးတိုး ဆီချို(၄၂၂)ဦး၊ ဓါတ်ခွဲစစ်ဆေးသူ(၄၃)ဦးတို့အား စစ်ဆောင်ရွက်ပေးခဲ့ပြီး၊ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်လူနာ(၁၁)ဦး၊ မျက်စိလူနာ(၃၁)ဦး၊ ကလေးလူနာ(၂)ဦး၊ အထွေထွေလူနာ (၁၁)ဦး သားဖွားမီးယပ်(၁၀)ဦးတို့အား လွှဲပြောင်းကုသဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်များ ပြည့်မီစေရန်နှင့်ပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရာတွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိဘဲ ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို တစ်ပြေးညီရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)