ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာဂလကျေးရွာတွင် နေထိုင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံတစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆောင်းရာသီနှင့် နွေရာသီ ဝင်ငွေရရှိစေရန်အတွက် အိမ်ခြံမြေနေရာလွတ်များ၌ မြေအောက်ရေပေးသွင်းခြင်းဖြင့် ဘူး၊ ဖရုံ၊ ခရမ်းချဉ်သီး၊ ချဉ်ပေါင်၊ ကန်စွန်း ကြက်သွန်နီစသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားပြီး ဓာတုဓာတ်ကြွင်း ကင်းလွတ်စေဖို့ Super ဘိုကာရှီ၊ မြေဆွေးများဖြစ်သည့် နွားချေး၊ ဆိတ်ချေးများ အပင်အားတိုးဆေးများကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးဆွဲကြောင်း သာဂလကျေးရွာမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူ တစ်ဦးက ပြောကြား ခဲ့သည်။

စိုက်ခင်းမှ ရလာသည့် ဟင်းသီးဟင်းရွက်များကို ပုဗ္ဗသီရိညဈေးတန်းတွင်ရောင်းချခြင်း၊ ကျည်တောင်ကန်ဈေးနှင့် ကျေးရွာအတွင်းသို့ လိုက်လံရောင်းချပေးခြင်းကြောင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)