မော်လမြိုင် ဖေဖော်ဝါရီ ၂၃
၂၀၂၄ ခုနှစ်၊ နှစ် (၅ဝ) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မွန်ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် မွန်တိုင်းရင်းသားလူမျိုးတို့ရဲ့ ရှေးကျတဲ့ အနုပညာကို ဖော်ဆောင်ပေးနိုင်ရန် မွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ MSMEs ပြခန်းများ၊ ဒေသထွက်ကုန်ပြခန်းများ၊ ရိုးရာအစားအစာအရောင်းဆိုင်များ ခင်းကျင်းပြသမည်ဖြစ်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များပါဝင်ပြသနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မွန်တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာအကအလှများ၊ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များ တမူထူးခြားစွာ အနှစ်သာရရှိရှိဖြင့် ဖျော်ဖြေတင်ဆက်ပြသနိုင်ရေး ကဏ္ဍအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း၊ ထို့အပြင် ဂုဏ်ပြုချီးမြှင့်ထိုက်သော ဂုဏ်ထူးဆောင်ဆုရရှိသူ ရဟန်း၊ လူပုဂ္ဂိုလ်များအား အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များက ၂၀၂၄ ခုနှစ်၊ နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသူများက နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)