ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၊ လူသုံးကုန်နှင့် တည်ဆောက်ရေးပစ္စည်းများရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး

စစ်တွေ    ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်နိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေရာတွင် ကျန်းမာရေး စောင့်ရှောက်မှုများပေးကြသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များသည် အရေးကြီးကဏ္ဍမှ ပါဝင်လျက်ရှိနေကြောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်၊ ဓာတ်မှန်၊ အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံ/ဆေးပေးခန်းများတွင် လိုအပ်ချက်များအတိုင်း ခန့်ထားပေးနိုင်ရန်အတွက် နှစ်စဉ် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှာလည်း စစ်တွေသူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သူနာပြုဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်လျက်ရှိခဲ့ပြီး ယခုဆိုလျှင် စစ်တွေသင်တန်းကျောင်းမှ သူနာပြုအင်အား(၁၅၈၃)ဦးနှင့် သားဖွားအင်အား(၃၅၈)ဦးတို့ကို မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သူနာပြုသင်တန်းတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှာ သင်တန်း(၃)နှစ်အတွင်း စာတွေ့၊လက်တွေ့ပညာရပ်များကို ကြိုးစားလေ့လာသင်ယူပြီး မိမိတို့ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍာကို တိုးတက်အောင်မြင်အောင် ဆောင်ရွက် ပေးကြစေလိုကြောင်း၊ သင်တန်းမှ ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချပေးမှုများကို အမြဲလေ့ကျင့် မှတ်ယူနေရမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုကောင်းမှ ကျွမ်းကျင်လာမည်ဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်သည့် လုပ်ငန်းတစ်ခုကို လုပ်မည်ဆိုလျင် ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့် မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်မည်ရာ အမြဲလေ့ကျင့်နေကြရမည်ဖြစ်ကြောင်းနှင့် ပညာပြည့်၀နှလုံးလှသော သူနာပြုဆရာ၊ ဆရာမကောင်းများဖြစ်ကြပြီး ပြည်သူ့များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မိမိတို့တတ်မြောက်ထားသောပညာဖြင့် လုပ်ကျွေးဆောင်ရွက်နိုင်ကြစေ လို‌ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက သင်တန်းသား၊ သင်တန်းသူများအတွက် ဆန်အိတ် ၆၅ အိတ်အားပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ငွေကျပ်သိန်း(၅၀) ကိုထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်းရှိ စာကြည့်တိုက်နှင့် ကျောင်းအုပ်ကြီးရုံးခန်းတို့အားလှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ဘက်စုံသုံးဆိပ်ကမ်းတွင် အတင်အချပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)