မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာသိုင်းပညာသင်တန်း အခမဲ့ ဖွင့်လှစ်

မိတ္ထီလာ ဖေဖော်ဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ပြီး ကျောင်းသားလူငယ်များနွေရာသီကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားသော မြန်မာ့ရိုးရာသိုင်းပညာသင်တန်းကို အခမဲ့ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်းသိရသည်။

နွေရာသီကျောင်းပိတ်ရက်ကာလတွေမှာ  ကျောင်းသူ၊ ကျောင်းသားလူငယ်တွေအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်တဲ့ မြန်မာ့ရိုးရာသိုင်းပညာသင်တန်းကို ယနေ့စတင်ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပါတယ်။ အခြေခံပညာကျောင်းများရှိ ကျောင်းသူ ကျောင်းသားများအတွက် အခမဲ့ဖွင့်လှစ် သင်ကြားပေးတာဖြစ်ပြီး သင်တန်းကာလ တစ်လတာ ကြာမြင့်မှာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က ပြောသည်။ အဆိုပါ မြန်မာ့ရိုးရာသိုင်းပညာသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီးသင်တန်းသို့သင်တန်းသားသင်တန်းသူ ၃၂ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်းသိရသည်။

ချမ်းသာ