မိတ္ထီလာ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်က မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်၊ သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို နည်းစနစ်တကျ ထုတ်လာနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာမက သင်တန်းသား သင်တန်းသူများအား သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။ ၎င်းသင်တန်းကို သင်တန်းသားသင်တန်းသူ (၃၀)ဦးဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)