ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၃
ရတနာပုံတက္ကသိုလ်(၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၁)ရက် နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံဝန်ထမ်းများ၊ သုတေသန စာတမ်းရှင်များ၊ ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
၎င်းနောက် ပြည်ထောင်စုခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးသည် လူမှုစီးပွားရေးဆိုင်ရာ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုအတွက် အဓိကဖော်ဆောင်ပေးနေပြီး နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ သင်ကြားမှု သင်ယူမှုအတွက်သာမက သုတေသနများ ဆောင်ရွက်ရန်အခွင့်အလမ်းများကို ဖန်တီးပေးနေသည့်နေရာများသည် တက္ကသိုလ်များပင်ဖြစ်ပါကြောင်း၊ တက္ကသိုလ်တစ်ခုတိုးတက်အောင်မြင်သည့် ပညာရပ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက် အဓိကမောင်းနှင်အားမှာ သုတေသနနှင့် နည်းပညာ တိုးတက်မှုဖြစ်ပါကြောင်း၊ သုတေသနသည် ပညာရေးကို အထောက်အကူပြုပေးနေသည့် အသက်သွေးကြော အရည်အသွေးဖြစ်သည့်အတွက် သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြင့်မားရေး၊ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို နိုင်ငံတော်ကအလေးထားဆောင်ရွက်နေပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲတွင် ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း (၂၈)စောင်နှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း(၁၂)စောင်ဖတ်ကြား မည်ဟုသိရှိရပါကြောင်း၊ နိုင်ငံအကျိုးပြု သုတေသနကောင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သုတေသနကောင်းများထွက်ရှိရေး ခေတ်နှင့်အညီ ပါဝင်လုပ်ဆောင်ကြရာတွင် သုတေသနလုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘာသာရပ်အလိုက် သုတေသစာတမ်းရှင်များမှ သုတေသနစာတမ်းများ ဖတ်ကြားနေမှုများကို ကြည့်ရှုအားပေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သုတေသနစာတမ်းဖတ်ကြားသူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရတနာပုံတက္ကသိုလ် အားကစားခန်းမတွင် စုပေါင်းသွေးလှူဒါန်းနေမှုအား သွားရောက်ကြည့်ရှုူကာ ကျန်းမာရေးအဖွဲ့က ကျောင်းသား၊ကျောင်းသူ (၅၃၅)ဦးအား သွေးမလှူဒါန်းမီ ကျန်းမာရေးစစ်ဆေးပေးနေမှုများနှင့် သွေးလှူဒါန်းနေကြသည့် ကျောင်းသားကျောင်းသူများကို လိုက်လံနှုတ်ဆက် အားပေးစကားများပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများအား ပါမောက္ခချုပ်ထံပေးအပ်ခဲ့သည်။
ရတနာပုံတက္ကသိုလ် (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ထမနဲထိုးပွဲ၊ သုတေသနစာတမ်းဖတ်ပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲ၊ သံဃာ(၁၀၈)ပါးဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘာသာရပ်ပြခန်းများနှင့် ဈေးရောင်းပွဲများကို စည်ကားသိုက်မြိုက်ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်