တပ်ကုန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများကို ရှင်းရှင်းလင်းလင်း သိရှိနာလည်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သဖန်းချောင်းကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်က လက်တလောဖြစ်ပေါ်နေသည့် အင်တာနက်ပေါ်မှ သတင်းတု/သတင်းမှားများ မယုံကြည်ကြရန်၊ ပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်ကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာနှင့်ပတ်သက်သည့် သိသင့်သိထိုက်သောအကြောင်းအရာများ၊ ဥပဒေများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းဟောပြောခဲ့ပြီးနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာအသိပညာပေးဟောပြောခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင် ဦးဆောင်၍ အဖွဲ့နှစ်ဖွဲ့ခွဲပြီး သဖန်းချောင်းကျေးရွာအပါအဝင် အိုင့်ကျယ်၊ ညောင်လွန့်၊ ကြိုးကြာအင်း၊ မျက်ရဲကျေးရွာများတွင် ဟောပြောပေးခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ဟောပြောသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်