ပင်လောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးထုတ်ကုန်လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

ပင်လောင်း ဖေဖော်ဝါရီ ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီး​ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်အတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ စက်မှု​ထိန်းသိမ်းပြုပြင်ရေးများ သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင် ပို့ချပေးသည့် နည်းပညာဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လိုသူများအား လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ လုပ်ငန်းများ​ရေရှည်အောင်မြင်စေရန် သင်တန်းသား/သင်တန်းသူများအနေဖြင့် ပိုမိုအားထုတ်ကြိုးစားဖို့လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးတို့က ပင်မွန်းကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်း (အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်ရေးသင်တန်း)မှ သင်တန်းသားငါးဦးအား ဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများ၊  ပင်လောင်းကြီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသတစ်ခု ထုတ်ကုန်တစ်ခုဆောင်ရွက်သည့် (လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း)မှ သင်တန်းသူ ငါးဦးအား ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အခြေခံမော်တော်ဆိုင်ကယ် ထိန်းသိမ်းပြုပြင်ရေးသင်တန်းမှ သင်တန်းသားများ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းမှ သင်တန်သူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)