မိုင်းယောင်း ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မုန်းလိုက်အုပ်စု၊ မိုင်းဟန်ကျေးရွာ၊ မိုင်းဟန်ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက စာသင်သံဃာတော် (၂၇) ပါးအား စာအောင်လက်မှတ်နှင့် ထူးချွန်ဆုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်) ကျောင်းဆရာတော် ဘဒ္ဒန္တဇဋိလ အရှင်သူမြတ် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တက်ရောက်လာသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး ဒေါ်မျိုးအေးချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်လျှပ်စစ်မှူး ဦးနီစိုးကျော်၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦး၊ ဂေါပကအဖွဲ့ဝင်များက စာသင် သံဃာတော် (၂၇) ပါးအား စာအောင်လက်မှတ်နှင့် ထူးချွန်ဆုများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက မုန်းလိုက်အုပ်စု၊ မိုင်းဟန်ကျေးရွာ၊ မိုင်းဟန်ဘုန်းတော်ကြီးကျောင်းတွင် စာသင်သံဃာတော် (၂၇) ပါးအား နဝကမ္မ အလှူတော်ငွေကျပ် (၃) သိန်းကိုလည်းကောင်း၊ ထာဝရဆွမ်းပဒေသာပင်အတွက် အလှူတော်ငွေကျပ် (၅) သိန်းကိုလည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)