ကျိုက်မရော ဖေဖေါ်ဝါရီ ၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးကြီးနှင့် လူစည်ကားရာနေရာများ၊ ဆိုင်ကယ် Taxi ဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်းခြင်းဥပဒေ အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။
လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ကျိုက်မရောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးနော်ခမ်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များက စျေးရောင်းစျေးဝယ်ပြည်သူများ၊ ခရီးသွားပြည်သူများ လက်ဝယ်အရောက် လက်ကမ်းစာစောင်စောင်ရေ (၄၅၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိချို (ပြန်/ဆက်)