မိုးညှင်းမြို့နယ်အတွင်း စတုတ္ထအကြိမ် လုပ်ငန်းလည်ပတ်ထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

မိုးညှင်း ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း စားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်း ရှိ/မရှိကို တာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီက စတုတ္ထအကြိမ်မြောက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ ဖြစ်ကြသည့် စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အသေးစား စက်မှု၊ လက်မှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း) ရပ်ကွက်တွင်ရှိသည့် မြတ်သုခ ဆီစက်လုပ်ငန်းအား စစ်ဆေးကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေမှ ရာသီချိန် ကုန်လွန်သွားပြီဖြစ်ပါ၍ ယခင်က ကြိတ်ထားသည့် မြေပဲဆီများကိုသာ ရောင်းချနေပါကြောင်း၊ (၁၀)ပိဿာဆံ့ ဆီပုံး (၆၀)ခန့်သာ ကျန်ရှိတော့ပါကြောင်းနှင့် ကဆုန်လနှင့် နယုန်လများတွင် ကုန်ကြမ်းဖြစ်သည့် မြေပဲဆံများအား ဝယ်ယူရရှိနိုင်ရေးကို ချိတ်ဆက်ဆောင်ရွက်နေပါကြောင်း တင်ပြဆွေးနွေးခဲ့ရာ  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ  လုပ်ငန်းအား ယခုထက် ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြတ်သုခ ဆီစက်လုပ်ငန်းသည် မိုးညှင်း မြန်မာ့စီးပွားရေးဘဏ်တွင် ချေးငွေကျပ်သန်း (၅၀) ဖြင့် လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရာသီချိန်ကာလတွင် နေ့စဉ်ဆီပိဿာ (၂၀၀)ခန့် ထွက်ရှိပြီး ၄င်းမြေပဲဆီများအား ပြည်နယ်ဒေသတွင်းသာမက အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကိုပါ ဖြန့်ချီရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)