တပ်ကုန်းမြို့၌ မေမြို့ပန်းစိုက်တောင်သူများ ကိုယ်တိုင်ဈေးကွက်ရှာဖွေရောင်းချမှုကြောင့် အမြတ်အစွန်းရရှိ

တပ်ကုန်း ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် တောင်သူအချို့ မြေအောက်ရေအသုံးပြု၍ ဆောင်းသီးနှံဖြစ် ပန်းဂေါ်ဖီထုပ်၊ ပန်းမုန်လာပွင့်၊ နံနံပင်၊ ခရမ်း၊ ခရမ်းချဉ်၊ မေမြို့ပန်းများ စိုက်ပျိုးလျက်ရှိရာ မေမြို့ပန်းစိုက်ပျိုးတောင်သူများကိုယ်တိုင် ဈေးကွက်ရှာဖွေရောင်းချမှုကြောင့် အမြတ်အစွန်းရရှိကြောင်း ကွင်းအမှတ် ၁၃၁၆ ကွင်း၊ မေမြို့ပန်းစိုက်ပျိုးသည့် တောင်သူထံမှ သိရသည်။

“ ဒီမေမြို့ပန်းစိုက်ခင်းကတော့ ဒသမ ၈ဝ ဧကဖြစ်ပါတယ်၊ မေမြို့ပန်းမျိုးစိတ်တွေက များပါတယ်၊ စနစ်တကျနေလှန်းပြီး မျိုးအဖြစ်သိမ်းထားတဲ့ ကိုယ်ပိုင်တောင်ကြီးနီပန်းမျိုးဖြစ်ပါတယ်၊ ပန်းစိုက်ကွက်ကို မြေအောက်ရေများ အသုံးပြုပြီး ထယ်ရေး၊ ထွန်ရေးများနဲ့ မြေနုအောင် ပြုလုပ် ပါတယ်၊ ပန်းဘောင်များကိုတော့ အကွက်အနေအထားအရ အနံ ၃ပေခွဲ၊ အလျား ၁၀၀ ပေ ဆောင်ရွက်ထားပါတယ်၊ ပန်းများကို စိုက်ပျိုးပြီး နှစ်လခွဲ၊ သုံးလဆိုရင် နုတ်ယူရောင်းချပါတယ်၊ ပန်းပွဲစားများက တစ်ကွက်လုံးကို ခုနှစ်သိန်း၊ ရှစ်သိန်းလောက်နဲ့ အခင်းပြတ်ဝယ်ကြပါတယ်၊ ပွဲစားများကို အခင်းပြတ်မရောင်းချဘဲ နေ့စဉ်ကိုယ်တိုင်နုတ်ယူပြီး နေပြည်တော်အာဟာရသုခဈေး၊ တပ်ကုန်းမြို့မဈေးတို့မှာ ပန်းငါးပင်တစ်စည်းကို ၁၅၀ကျပ်နှုန်းနဲ့ ရောင်းချပါတယ်၊ အခုထိ မေမြို့ပန်းရောင်းချမှုငွေကတော့ ၁၈သိန်းရရှိနေပါပြီး၊ အခင်းကုန်အောင် ရောင်းချပြီးရင်တော့ ပန်းစိုက်ပျိုးမှုအမြတ်ငွေ သိန်း ၂၅၊ ၃၀ လောက်ရရှိမယ်” လို့ ကင်မွန်းတန်းကျေးရွာမှ မေမြို့ပန်း စိုက်တောင်သူ ဦးယဉ်ထွေး၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်