မိုင်းကိုင် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း မိဘပြည်သူများ အွန်လိုင်းမီဒီယာနှင့်ပတ်သက်သည့် အသိပညာများ တိုးပွားစေရန်၊ သတင်းတု၊ သတင်းမှား လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆိုရှယ်မီဒီယာပေါ်က သတင်းတု၊ သတင်းမှားတင်ခြင်းနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက ဆိုရှယ်မီဒီဘာပေါ်တွင် သတင်းတု၊ သတင်းမှားတင်ခြင်းနှင့်ပတ်သက်သည့် သတိပြုရန်အချက်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက မီဒီယာအဆိပ်သင့်မှုနှင့် သတင်းတု၊ သတင်းမှား ထောင်ချောက်က ရုန်းထွက်စေချင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းဇော်မင်းထွန်းက သတင်းမှား၊ သတင်းတု အစဉ်သတိပြု စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောရာ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များ၊ အတွေ့အကြုံများနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်အဆင့် သတင်းတု၊ သတင်းမှားလျော့ပါးရေး အသိပညာပေးကော်မတီဝင်များ၊ စိတ်ဝင်စားသူ လူငယ်လူရွယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေမိဘပြည်သူများ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)