မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ၊ ဖေဖော်ဝါရီလ ၂၅

မိတ္ထီလာမြို့နယ်၌  လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀မိနစ်အချိန်က စီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က အမှာစကားပြောကြားပြီး  အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ) တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ဝင်းညွှန့်က လူကုန်ကူးမှု ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှု လူမှောင်ခိုမှု ခြားနားပုံအကြောင်းနှင့် လူကုန်ကူးသူ လူပွဲစားများမှ ကျေးလက်ဒေသများအထိ ကလေးသူငယ်များ၊ အမျိုးသမီးငယ်များအား စုဆောင်းပုံများကို ရှင်းလင်း ပြောကြားခဲ့သည်။

၎င်းအပြင်    တရုတ်နိုင်ငံအတွင်းသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ပါက ပြည်ဝင်/ပြည်ထွက် ဥပဒေအရ အရေးယူခံရနိုင်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ရဲတပ်ဖွဲ့ဝင်များက  လူကုန်ကူးမှု နှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာဟောပြောပွဲသို့  မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ထွန်းအောင်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ  သီတာကြူနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(ခရိုင်ပြန်/ဆက်)