မောက်မယ် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ယမန်နေ့နံနက် ၉ နာရီက သက်ဆိုင်ရာ ကျောင်းစာစစ်ဌာနအသီးသီးတွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-9 မှ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၁၀၈)ဦး၊ Grade-5 မှ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၄၀၉)ဦးရှိပြီး စာမေးပွဲသို့ အားလုံး ရာနှုန်းပြည့် လာရောက်ဖြေဆိုနိုင်ပြီး ပျက်ကွက်သည့် ကျောင်းသား၊ ကျောင်းသူများမရှိကြောင်း၊ အဆိုပါ Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် စနစ်သစ်ပညာရေးစနစ်တွင် အစိုးရစစ်စာမေးပွဲအဖြစ် ယမန်နေ့က မြန်မာစာဘာသာရပ်ကို တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတို့က မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)