လယ်ဝေး ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဧည့်စာရင်းစစ်ဆေးသည့်ကိစ္စများ၊ အင်တာနက်တွင် ပြန့်နှံ့နေသည့် သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ သီးနှံများ စိုက်ပျိုးရေရရှိရေး၊ မြေလွတ်မြေလပ်မကျန် စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် နေပြည်တော်ယာဥ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်ဝင်းစိုးက ယာဥ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ သပြေပင်ကျေးရွာ၊ မှန်ကျောင်းဓမ္မာရုံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ ကျေးရွာနေပြည်သူ ၄၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်နှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဥ်မင်းသူတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ထုတ်ပြန်ထားသည့် ဥပဒေတွင်ပါဝင်သည့် အချက်အလက်များအား ပြည်သူများနားလည်စေရန် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ကျေးရွာပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)