ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု ကျွဲရှင်းကျေးရွာဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်ဝင်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်ဝင်းက လက်တလောဖြစ်ပေါ်နေသည့် သတင်းတု/သတင်းမှားများနှင့်ပတ်သက်ပြီး မယုံကြည်ကြရန်နှင့် ပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်ကြရန် အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲထွဋ်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုတို့သည် မိုးစွေကျေးရွာအုပ်စု၊ ဘုရားတောင်ကျေးရွာအုပ်စု၊ တက်ရှိန်းကျေးရွာအုပ်စုနှင့် သရက်တောကျေးရွာအုပ်စုများသို့ သွားရောက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ရာအိမ်မှူးများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး သိသင့်သိထိုက်စေရန်နှင့် ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်း၊ အခြေခံကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများရှိ၍ လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရေး၊ အင်တာနက်ပေါ်မှ သတင်းတု၊ သတင်မှားများကို မယုံကြည်ကြရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)