ကျောက်ဆည်ခရိုင်တွင် မိုးပဲတီစိမ်း (၄၄၇၆၅) ဧကနှင့် ဆောင်းပဲတီစိမ်း (၃၄၅၆) ဧက  စုစုပေါင်း (၄၈၂၂၁) ဧက စိုက်ပျိုး

ကျောက်ဆည် ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲမျိုးစုံလျာထားစိုက်ပျိုးလျက်ရှိရာ မိုးရာသီး၌ ပဲတီစိမ်း (၄၄၇၆၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းရာသီ၌ (၃၄၅၆)ဧက စုစုပေါင်း (၄၈၂၂၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းပဲမျိုးစုံ ဖူလုံပိုလျှံစေရေး၊ နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေနိုင်ရေး နှစ်စဉ်စီမံကိန်းများ ရေးဆွဲပြီး စိုက်ပျိုးလျက်ရှိကြောင်းနှင့် ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ၌ ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်း (၁၆၀၃၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ပဲတီစိမ်း (၁၀၄၅၉)ဧက မြစ်သားမြို့နယ်တွင် ပဲတီစိမ်း(၁၈၂၇၀)ဧက၊ ဆောင်းပဲတီစိမ်း စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည် မြို့နယ်တွင် (၂၂၇၅)ဧက၊ မြစ်သားမြို့နယ်တွင် (၁၁၈၁)ဧက စုစုပေါင်း မိုးရာသီနှင့် ဆောင်းရာသီ စိုက်ပဲတီစိမ်း (၄၈၂၂၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် မိုးရာသီ ပဲတီစိမ်းထွက်နှုန်းအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၂၅၇၁၈၉) တင်း၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၄၇၂၉) တင်း၊ မြစ်သားမြို့နယ်တွင် (၃၃၀၅၇၂) တင်း စုစုပေါင်း (၇၅၂၄၉၀)တင်း ထွက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိရိုးဖလာနည်းဖြင့် ပဲတီစိမ်း (၁) ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ (၄)ပြည် အသုံးပြုရပြီး ကုန်ကျစရိတ်အနေဖြင့် (၄၂၅၀၀၀) ကျပ် ကုန်ကျကာ အထွက်နှုန်းအနေဖြင့် (၁၂) တင်း ထွက်ရှိပြီး ပြန်လည်ရောင်းချပါက ငွေ (၈၄၀၀၀၀) ကျပ် ပြန်လည်ရရှိသောကြောင့် (၁) ဧက အမြတ်ဝင်ငွေ (၄၁၅၀၀၀)ကျပ် ရရှိကြောင်းနှင့် သိပ္ပံနည်းကျ စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၄)ပြည် အသုံးပြုရပြီး ကုန်ကျစရိတ်အနေဖြင့် (၇၀၀၀၀၀) ကျပ် ကုန်ကျကာ အထွက်နှုန်းအနေဖြင့် (၁၈) တင်း ထွက်ရှိပြီး ပြန်လည်ရောင်းချပါက ငွေ (၁၂၆၀၀၀၀) ကျပ် ပြန်လည်ရရှိသောကြောင့် (၁) ဧက အမြတ်ဝင်ငွေ (၅၆၀၀၀၀)ကျပ် ရရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)