ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာနများနှင့် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၃

ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများ၊ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးဘေးလုံခြုံရေးစစ်ဆေးမှုနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက “ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနတွေ၊ စက်သုံးဆီ အရောင်းဆိုင်တွေ မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ စာစစ်ဌာနတွေမှာဆိုရင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုတွေ စစ်ဆေးပြီး လိုအပ်ချက်ရှိပါက အချိန်မီ ပြင်ဆင်နိုင်ရေး ကျောင်းတာဝန်ခံနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်၊ စက်သုံးဆီ အရောင်းဆိုင်တွေမှာဆိုရင်လည်း မီးဘေးကြိုတင်ကာကွယ်ရေးမှာ အသုံးပြုတဲ့ ပစ္စည်းတွေ အဆင် သင့်ထားရှိမှု ဆိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေကိုလည်း ကာကွယ်ရေးသုံးပစ္စည်း အသုံးပြုတတ်မှု စတာတွေကို လိုက်လံစစ်ဆေးနေခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းနှင့် စက်သုံးဆီဆိုင်များတွင်သာမက တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းများ၊ အသိပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)