အမျိုးသမီးကျန်းမာရေးဆိုင်ရာရောဂါများ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

အမရပူရ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ စျေးချိုရပ်ရှိစတုဘုမ္မိကကျွန်းကျောင်း ဓမ္မရိပ်သာကျောင်းရှိ ဓမ္မာရုံတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမရပူရခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အဆိုပါကျောင်းရှိသီလရှင် ဆရာကြီး၊ ဆရာလေးများကို အမျိုးသမီးကျန်းမာရေးဆိုင်ရာရောဂါများ အသိပညာပေး ဟောပြောခြင်းနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် အမရပူရခရိုင် အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ဝါဝါနှင့် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ရွှေရည်အောင်တို့က အမျိုးသမီးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာကိစ္စများကို ရှင်းလင်းပြောကြားပေးခဲ့ကြသည်။ ထို့နောက် အမရပူရမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန်က နေ့စဥ်သွားတိုက်နည်းနှင့် ထိမ်းသိမ်းနည်းများကို ဟောပြောပေးခဲ့ပြီး လက်တွေ့သွားတိုက်နည်းများကို စနစ်တကျသင်ပေးခဲ့ပြီး ကျောင်းတွင်းရှိ ဆရာကြီး၊ ဆရာလေး ၈၅ ပါးတို့ကို ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ယင်းနောက်သီလရှင်ဆရာကြီးများထံသို့ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)