ချောင်းဆုံ ဖေဖော်ဝါရီ ၂၂
ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန်က သက္ကောကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျေးရွာအတွင်းရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများရှိ ခရီးသွားပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်းများ၊ စိုးရိမ်ရန်မလိုသည့် အချက်များ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရန် ကာလနှင့် ကင်းလွတ်ခွင့်ပြုခြင်းခံရသူများ စသည့်အချက်များပါဝင်ပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)