မော်လမြိုင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မော်လမြိုင် ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ပြည်သူများအနေဖြင့် စစ်မှုထမ်းဉပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မောင်ငံဈေး၊ သံလွင်ဈေး၊ အမှတ် (၁) ဈေးကြီး၊ မြိုင်ရတနာလေးထပ်ဈေးနှင့် လမ်းသွားလမ်းလာ ပြည်သူတို့အား ယနေ့နံနက်ပိုင်းက “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာ”  အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင်နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲမှ ကောက်နုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူတို့စိုးရိမ်စရာမလို စသည့်အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များအား ရပ်ကွက်၊ ကျေးရွာများသို့လည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)