တောင်ကြီး ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးနှင့် တောမီးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် ရှမ်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ကောင်းမွန်အောင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်စေရေးကို အလေးထားဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ရန်၊ တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုအရေအတွက်များပြားနေခြင်းကို လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ လျှော့ချနိုင်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီက ချမှတ်ထာသော လမ်းညွှန်ချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပါအဝင် ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာကို ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ကိုယ်စား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကိုက ကော်မတီနှင့်ဦးစီးဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ အတည်ပြုချမှတ်ခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း