မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ၌ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဖြစ်ပါကြောင်း၊ အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တာဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အလေးထား လုပ်ဆောင်ကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်းမင်းဦးက အခမ်းအနား ကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ဟောပြောကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် (Video Clip) ဖွင့်လှစ်ပြသပြီး ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ယင်းနောက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်နှင့် ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးတို့က ဦးဆောင်ဆွေးနွေးကာ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ ကျောင်းသား/ကျောင်းသူ (၄)ဦးတို့က အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်၊ စီးပွားရေး၊ ဌာနဆိုင်ရာ ရာထူးခန့်ထားရေးနှင့် မူးယစ်ဆေးဝါး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများမှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)