ပူတာအို၌ (၂၀) ကြိမ်မြောက် မူကြိုဘွဲ့နှင်းနှင့်ကျောင်းဆင်းပွဲအခမ်းအနားကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်ကောင်-ဧမာနွေလအေဂျီအသင်းတော်က ကြီးမှူးဖွင့်လှစ်သော ဧမာနွေလမူကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မူကြိုဘွဲ့နှင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၁) ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၃) ကောင်-ဧမာနွေလအေဂျီအသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။

 ရှေးဦးစွာ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် မူကြိုဘွဲ့ယူကြမည့် ကျောင်းသား/သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ကောင်-ဧမာနွေလအေဂျီအသင်းတော် ဧမာနွေလမူကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဆရာမ ဒေါ်ဆန်ဒေါင်းနင်ဆာရ်းက ကြိုဆိုနူတ်ခွန်းဆက်စကား ပြောကြားသည်။

 ဆက်လက်၍ ဧမာနွေလမူကြိုကျောင်း အငယ်တန်းမှ မောင်ဇာလီဒွေ့ကတစ်ပင်တိုင်သီချင်းဖြင့်လည်းကောင်း၊ အကြီးတန်းမှ မဂျာဆိုင်းဇီက ကဗျာရွတ်ဆိုခြင်းဖြင့်ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် မူကြိုကျောင်းပြီးမြောက်သည့် ကျောင်းသား/သူ (၂၁) ဦးကို လက်မှတ်ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အမှတ် (၂) အေဂျီသာသနာခရိုင်ဉက္ကဋ္ဌ သိက္ခာတော်ရချန်းဒီးဗေးက တရားဒေသနာတော်များဖြင့် ချီးမြှင့်ဟောကြားပြီး စာတတ်မြောက်မှုထူးချွန်ဆုရကျောင်းသား/သူ (၇) ဦး၊ တစ်ကိုယ်ရေသန့်ရှင်းသပ် ရပ်မှုဆုရ (၁) ဦး၊ လက်ရေးလက်သားသန့်ရှင်းသပ်ရပ်မှုဆုရ (၂) ဦး၊ ရောင်စုံခြယ်အကောင်းဆုံးဆုရ (၁) ဦး၊ လူမှုဆက်ဆံရေးဖော်ရွင်မှုဆုရ (၁) ဦး၊ ဖြတ်လတ်သွက်လက်ဆုံးဆုရ (၁) ဦး၊ ဝေါဟာရစကားလုံးအကြွယ်ဆုံးဆုရ (၂) ဦး၊ ဇွဲလုံ့လဝိရိယဆုရ (၅) ဦးအား ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းသား /သူ မိဘများကိုယ်စား ဆရာမဒေါ်နန်ဟီးခေါ်ရမ်က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား/သူများ၏ အကပဒေသာဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)