လားရှိုး ဖေဖော်ဝါရီ ၂၂
မျိုးဆက်သစ်လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်းအမှား/အမှန်ခွဲခြားသုံးသပ်နိုင်စေရန်တို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ဟောပြောပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လားရှိုး) မှ ကျောင်းအုပ် ဒေါ်မြမြသင်းက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ဌာန၏ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများ၊ လားရှိုးလူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် အခမဲ့ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုး/ဆိုးကျိုးများ၊ မိမိကိုင်တွယ်သော တယ်လီဖုန်းအားလုံခြုံအောင် အသုံးပြုခြင်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ လက်ကိုင်ဖုန်းကျင့်ဝတ်များနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း၊ အမှတ်(၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူးဝင်းညွန့်က လူကုန်ကူးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း ၊ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ထွန်အေး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်သန်းသန်းဌေးတို့က သိမှတ်စရာအကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လားရှိုး) မှ ဆရာမများ၊ အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ် (၆) သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုင်းထွန်း (လားရှိုး)