ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းနှင့် ပျက်စီးနေသော လူနေအိမ်များအတွက် သက်ကယ်၊ ဝါး၊ ထရံ၊ မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးအောင်ပါ ၆ ဦးတို့က သဘာဝဘေးအန္တရာယ်များမကျရောက်ခင် ကြိုတင်ကာကွယ်နေထိုင်ခြင်းများဆိုင်ရာ အသိပညာများကိုဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြပြီး ပုဇွန်ဆိပ်ကျေးရွာရှိ ဆင်းရဲနွမ်းပါးပြီး ပျက်စီးနေသော အိမ်ခြေ(၁၅၅)၊ အိမ်ထောင်စု(၁၅၅)စု အတွက် သက်ကယ်၊ ဝါး၊ ထရံ နှင့် မျောတိုင်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ဆင်းရဲနွမ်းပါးပြီး ပျက်စီးနေသော နေအိမ်များအား သက်ကယ်၊ ဝါး၊ ထရံနှင့် မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်း၊ ရာအိမ်မှူးနှင့် ရပ်မိရပ်ဖတို့က ဝိုင်းဝန်း၍ ပူးပေါင်းခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများသို့လည်း ဇန်နဝါရီလမှ မတ်လအထိ ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)