ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကြီးမှူးကာ လယ်ယာကဏ္ဍစာရင်းအင်း ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရစာချုပ်စာတမ်းများ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းများကောက်ယူပြုစုရာတွင် လက်စွဲဥပဒေပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များအပေါ် အခြေခံဆောင်ရွက်နိုင်ရန်နှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ တည်ဆဲဥပဒေအပါအဝင် ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်လုပ်ထုံးလုပ်နည်းများကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်အောင် (စာရင်းအင်းဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးမြင့်သိန်း (ကြေးတိုင်စီမံကိန်းနှင့် သုတေသနဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးသိန်းဦး (မြေယာစီမံခန့်ခွဲရေးဌာနခွဲ) နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ အရာထမ်း၊ အမှုထမ်း ၁၅၃ ဦး တက်ရောက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အရာထမ်း၊ အမှုထမ်း ၆၄ ဦးတို့သည် Video Conference ဖြင့် တက်ရောက်ခဲ့ကြောင်းနှင့် ဆွေးနွေးပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပလျက်ရှိရာ ယခုကျင်းပခြင်းသည် (၆) ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)