ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A)လမ်းနှင့် ၁၁၄(D)လမ်းရှိ ပုညနန္ဒာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။      

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး‌နောက် ဒုမြို့နယ်ဥပဒေအရာရှိ ဦးချစ်ပြည့်စုံမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေး‌နွေးခဲ့သည်။ ဆက်လက်ပြီး အတွင်းရေးမှူး ရဲမှူး ဇော်ဝင်းကျော်၊ အဖွဲ့၀င် (၂)ဦးဇော်ဝင်းတို့မှ ကောလာဟလသတင်းများ၊ ဥပဒေအကြောင်းအရာ များကို ရှင်းလင်းခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသူများမှပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များ ဆွေးနွေးတင်ပြခြင်းနှင့် သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ရှင်းလင်းဆွေးနွေးပွဲပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့်အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ထွန်တုံးရပ်ကွက်၊ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့