ကျိုက်ထိုမြို့နယ်တွင် ကျန်းမာရေးပညာပေးနည်းလမ်းများ သင်တန်းဖွင့်လှစ်

ကျိုက်ထို ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများ စနစ်တကျကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးမှ အဖွင့်အမှာစကားနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး နည်းပြဆရာ (၅) ဦးတို့က တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အချက်အလက်များ၊ အခြေခံဆက်သွယ်ပြောဆိုခြင်း၊ အပြုအမူပြောင်းလဲရေးဆိုင်ရာ ပြောဆိုဆက်သွယ်ခြင်း၊ ကျန်းမာရေးပညာပေးနည်းလမ်းများ၊ ပညာပေးအထောက်အကူပစ္စည်းများ စနစ်တကျအသုံးပြုခြင်း၊ သက်ရွယ်ဆင့်တူပညာပေးခြင်း၊ လူထုစကားဝိုင်းများ ကျင်းပပြုလုပ်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်ပြောဆိုခြင်း၊ ရပ်ရွာလူထုအခြေပြုလက်တွဲဆောင်ရွက်မှု ချဉ်းကပ်နည်းလမ်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းစဉ်များရေးဆွဲခြင်း၊ သင်တန်းသားများအုပ်စုလိုက်ဆွေးနွေးခြင်း အစရှိသည့် ဘာသာရပ်များအား ပို့ချသင်ကြားမည်ဖြစ်သည်။

အဆိုပါသင်တန်းသို့ ကျန်းမာရေးဝန်ထမ်း (၈၀) ဦး တက်ရောက်ပြီးသင်တန်းကာလမှာ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝင်းမောင်