ဖားကန့် ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွား (၉၂) ဦးအား ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများ၊ မြိုနယ်ထွေအုပ်/ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ သွေးတိုး၊ ဆီးချိုများ ရှိ/မရှိ တိုင်းတာပေးကာ လိုအပ်သူများအား သွေးတိုးကျဆေးနှင့် ဆီးချိုကျဆေးများ၊ အားဆေးများ ဝေငှပေးခြင်းနှင့် အာဟာရမုန့်များ ကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကျွေးမွေးခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ (၃)ရက်တိတိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နောက်လများတွင်လည်း ဆက်လက်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ဖားကန့် (ပြန်/ဆက်)