ပြင်ဦးလွင်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၂

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုအစီအစဉ်ကို ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများပါဝင်သောအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြင်ဦးလွင်မြို့၌ ပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၁၂)ဦးအား ပထမအကြိမ်အဖြစ် အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး  ယခုဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ ပြင်ဦးလွင်မြို့တွင် ဒုတိယအကြိမ်မြောက်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယနေ့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြင်ဦးလွင်မြို့၌ ပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးစိုင်းအောင်ကြည်တို့မှ လာရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့ကြောင်း  သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)