မိုင်းခတ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ယနေ့ နံနက် (၁၀) နာရီအချိန်က တုံဖကော်ကျေးရွာအုပ်စု၊ နမ့်မွဲကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးအေးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းတို့က ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့်မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ပြစ်မှုပြစ်ဒဏ်နှင့်ဆိုးကျိုးများ၊ အသက် (၁၀) နှစ်အထက်ရှိသူများအား အီလက်ထရောနစ်စနစ်ဖြင့် ဇီဝအချက်အလက်များကောက်ယူနေမှုများ၊ စပါး၊ ပြောင်းများ ပိုးကျပါက ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်မွေးမြူရာတွင် ရောဂါကူးစက်မှုမှ ကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသော တုံဖကော်အုပ်စု၊ နမ့်မွဲကျေးရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးရာသက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)