စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club ၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

စဉ့်ကူး    ဖေဖော်ဝါရီ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “လူငယ်နှင့်အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နှင့်အပြောင်းအလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင် ဦးအောင်ရဲကျော်က “လူငယ်နှင့် ပရဟိတစိတ်ဓာတ်”ခေါင်းစဉ်မှ သူတစ်ပါးအကျိုးကို လုပ်ဆောင်ပေးခြင်းသည် ကိုယ့်အကျိုးအတွက် အားကောင်းသော အထောက်အပံ့တစ်ခုဖြစ်ကြောင်း၊ နောင်တွင် အနာဂတ်ကို ခေါင်းဆောင်ရမည်မှာ လူငယ်များဖြစ်သည့်အတွက် ယနေ့ခေတ်လူငယ်များအနေဖြင့် စိတ်ကောင်းစေတနာကောင်းထားကာ ပရဟိတအလုပ်ကို တတ်စွမ်းသလောက်လုပ်သင့်ကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး Youth Club အဖွဲ့ဝင် မောင်သန်းဇော်က “လူငယ်နှင့်အပြောင်းအလဲ” ခေါင်းစဉ်မှ  လူငယ်များတွင် တစ်မျိုးသားလုံး အားကိုးအားထားပြုနိုင်ရန် တာဝန်ကိုယ်စီရှိကြောင်း၊ လူငယ်တိုင်း ရည်မှန်းချက်ကိုယ်စီထားသင့်ကြောင်း၊ အချို့သောပုဂ္ဂိုလ်များ၏ ကြုံတွေ့ခဲ့ရသည့် ဘဝအခက်အခဲများကို ကျော်လွှားကာ ပြုပြင်ဆောင်ရွက်ခဲ့သည့် အပြောင်းအလဲများကို ခြေရာကောက်၍ အတုယူသင့်သည်များကို အတုယူကာ ကြိုးစားသင့်ကြောင်း၊ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရာတွင် ရဲဝံ့စွာဖော်ဆောင်နိုင်ရန်နှင့် သတ္တိရှိရှိရင်ဆိုင်နိုင်ရန်လိုအပ်ကြောင်း သို့မှသာ ဘက်စုံထူးချွန်သော လူငယ်များ ပေါ်ထွက်လာမှာဖြစ်ကြောင်း စသည့်အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏အမြင်များကို ချစ်ခင်ရင်းနှီးစွာအပြန်အလှန် ဝိုင်းဝန်းဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)