တံတားဦးမြို့နယ်တွင် မုန်လာထုပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး ဖေဖော်ဝါရီ ၂၁

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ဇီးပင်ကွေ့ကျေးရွာသည် ချောင်းရေတင်ပြီး စိုက်ပျိုးထားသော မုန်လာထုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေ၍ စိုက်ပျိုးသူများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အဆိုပါဒေသခံ တောင်သူ ဦးထွန်းလွန်းထံမှ သိရသည်။

“ကျွန်တော်တို့ ယာမြေပိုင်ရှင်များနှင့် နေအိမ်ခြံဝင်းအတွင်း မြေကွက်လပ်များတွင် မိသားစုများဟာ တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံများကို ချောင်းရေတင်ပြီး စိုက်ပျိုးကြပါတယ်။ ယခုအခါ စားဖိုဆောင် သီးနှံများဖြစ်သော ပန်းမုန်လာ၊ မုန်လာထုပ်၊  ကြက်သွန်၊ ငရုပ်၊ နံနံ၊ မုန်ညင်း၊ အိုးမုန်ညင်း၊ ဒါ့အပြင် မေမြို့ပန်းများကို စိုက်ပျိုးထားကြပါတယ်။ ဒီနှစ် တစ်ပိုင်တစ်နိုင် မုန်လာထုပ်များ စိုက်ပျိုးဖြစ်၍ အောင်မြင်တာတွေ့ရတော့ ဝမ်းသာပါတယ်။ မုန်လာထုပ်ကို တစ်ဧကကို မျိုးစေ့(၁)ဘူး ကုန်ကျပြီး တစ်ဧကကို ငွေကျပ်(၆)သိန်းကုန်ကျပါတယ်။ ယခင်နှစ်မှာဆိုရင် မုန်လာထုပ်(၁)ထုပ်ကို (၇၀၀)ကျပ် ရောင်းရပါတယ်။ ယခုနှစ်မုန်လာထုပ်ပေါ်ချိန် ဈေးကောင်းရရှိဖို့  ကျွန်တော့အနေနဲ့ မျှော်လင့်မိပါတယ် “ဟု ဇီးပင်ကွေ့ကျေးရွာ မုန်လာထုပ် စိုက်ပျိုးသူ ဦးထွန်းထွန်းက ပြောသည်။

တံတားဦးမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေ တို့တင်ပြီး စားဖိုဆောင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကာ မိသားစုအတွက် အပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)