ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် (၁၁)နာရီမှ စတင်၍ (ဘန်ရူခန်းမဟောင်း)၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမားရေးမှူး အဆင့်(၁) ဒေါ်ဂျေလုဂျာ ဦးဆောင်၍ ဆရာမ ဒေါ်ဘောက်ဆိုင်း (ဘက်စုံသားဖွားဆရာမ)နှင့် ကျန်းမာ ရေးဝန်ထမ်းတို့က ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ မှတ်တမ်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (PFIZER) ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (၁) ပုလင်းလျှင် လူ(၇)ဦးနှုန်းဖြင့် ထိုးနှံရပြီး လက်တလောတွင် ဆွမ်ပရာဘွမ်မြို့နယ်အတွက် ဆေး (၈) ပုလင်း ရရှိထားပြီး အသက်(၅၀)နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပင်စင်စားများ၊ (၅၆)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ဆက်လက်၍ ဆေးထိုးနှံရန် ကျန်ရှိနေသူများအားလည်း စာရင်းကောက်ယူကာ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
ဆွမ်ပရာဘွမ် (ပြန်/ဆက်)