မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲ ကျင်းပ

မက်မန်း ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကလေးသူငယ်များ အဓမ္မစေခိုင်းခြင်းမပြုလုပ်စေရန်၊ ကျောင်းနေအရွယ်ကလေးငယ်အားလုံး ကျောင်းနေစေရန်နှင့် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်ဘဲ လုပ်ငန်းခွင်တွင်ရောက်ရှိနေသော ကလေးငယ်များရှိပါကြောင်း၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော အသက်(၅)ပြည့်ပြီး ကလေးငယ်များစာရင်းအား ပြုစုထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်အတွင်းရောက်ရှိနေသော ကလေးငယ်များ၏ ဘဝလုံခြုံမှုကိုလည်း စောင့်ရှောက်နိုင်ရေး ရပ်ရွာအခြေပြုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း စသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး) က ကလေးအလုပ်သမားပပျောက်ရေးအတွက် Media များမှလည်း လွှင့်တင်ဖော်ပေးလျက်ရှိကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲများ၊ Talk Show များကို ရိုက်ကူးလွှင့်တင်ပေးလျက်ရှိကြောင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲတွင် တက်ရောက်လာကြသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များကလည်း ရပ်ရွာအခြေပြုအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ဝိုင်းဝန်းပူးပေါင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)