ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ်ဖွင့်ပွဲ ကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါခန်းမရှေ့၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားသည်။

ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ်ဖွင့်ပွဲသို့ လွိုင်လင်တပ်နယ်မှူးနှင့်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်နှင့် တက္ကသိုလ်ဆရာ/ဆရာမများ၊ ဘွဲ့ယူမောင်မယ်များနှင့် ပင်လုံတက္ကသိုလ်ကျောင်းသား/သူများ တက်ရောက်ကြသည်။

ရှေးဦးစွာအခမ်းအနားအစီအစဉ်ပထမပိုင်းကို ကျင်းပရာ မင်္ဂလာအချိန်တွင် လွိုင်လင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပင်လုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ ထို့နောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများမှ ကမ္ပည်းမော်ကွန်းစာအား အမွှေးနံ့သာရည်များပက်ဖျန်းပေးပြီးနောက် ပင်လုံတက္ကသိုလ် မျိူဆက်သစ်ဆရာ/ဆရာမများ၏ အလှပန်းများပွင့်ဝေ ပင်လုံတက္ကသိုလ်မြေသီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ပင်လုံဘွဲ့နှင်းသဘင်ခန်းမသစ်ဖွင့်ပွဲအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပရာ လွိုင်လင်တပ်နယ်မှူးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမသစ်ဖွင့်ပွဲအမှတ်တရ လက်ဆောင်ပစ္စည်းများကို ဖိတ်ကြားထားသော ဧည့်သည်များထံ နေရာအရောက်ပေးအပ်ပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါဘွဲ့နှင်းသဘင်ခန်းမကို နိုင်ငံတော်ရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး ( ခရိုင်ပြန်/ဆက်)