တိုက်ကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးတောင်သူများအား အသိပညာပေးဆောင်ရွက်

တိုက်ကြီး ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၈ နာရီက ကွင်းအမှတ် ၇၃၀ တောင်သူဦးမြင့်စိုး၏ စနစ်တကျလယ်ယာမြေ ၅ ဧကတွင် အတန်းလိုက်တိုက်ရိုက်မျိုးစေ့ချကိရိယာ (စီဒါ) ဖြင့် နွေစပါးစိုက်ပျိုးတောင်သူများအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်ပျိုးတောင်သူများအား အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းငွေတို့က အတန်းလိုက်မျိုးစေ့ချ ကိရိယာ (စီဒါ) ဖြင့် နွေစပါးအထွက်နှုန်းတိုးတက်စေသည့် နည်းပညာများအား လက်တွေ့သရုပ်ပြဆွေးနွေးသည်။ ထို့နောက် အတန်းလိုက်မျိုးစေ့ချ ကိရိယာ (စီဒါ) ဖြင့် နွေစပါးစိုက်ပျိုးတောင်သူများအား အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများနှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးတောင်သူ ၂၀၀ ဦးခန့်တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)