ထန်းတပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများနှင့် စာချုပ်ချုပ်ဆို

ထန်းတပင် ဖေဖော်ဝါရီ ၂၂

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများနှင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

စာချုပ်ချုပ်ဆိုပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစောလှဝင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် အောင်နိုင်သစ္စာကုမ္ပဏီမှ ဦးဟန်ဝင်းထွဋ်တို့က အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်က ဦးစီးဌာနအနေဖြင့် ဦးစီးဌာနအဆင့်ဆင့်၏ ညွှန်ကြားချက်နှင့်အညီ သမဝါယမအသင်းသားတောင်သူများနှင့် ကုမ္ပဏီတို့ပူးပေါင်းကာ နွေစပါးစီမံချက်အား အောင်မြင်အောင် အပြည့်အဝဆောင်ရွက်နိုင်ရေးကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သမဝါယမအသင်းသားတောင်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက (၄၅၇) ဧကစိုက်ပျိုးကြသည့် သမဝါယမအသင်းသားတောင်သူ (၄၆) ဦးတို့နှင့် စာချုပ်ချုပ်ဆိုခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်