တွံတေးမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ကြိုတင်မဲပေး

တွံတေး နိုဝင်ဘာ ၃

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် မြို့ပေါ်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၅)အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၇၃)အုပ်စုရှိရာ တွံတေးမြို့နယ်အတွင်း မဲရုံပေါင်း(၃၈၄)ရုံနှင့် မဲဆန္ဒရှင်ပေါင်း(၁၇၂၃၅၀)ဦးခန့် ရှိပြီး တွံတေးမြို့နယ်အတွင်း မဲရုံ(၃၈၄)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်သူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံများတွင် ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကြိုတင်မဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန့်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း သိရသည်။ ကြိုတင်ဆန္ဒမဲ စတင်ထည့်သွင်းဆောင်ရွက်ခြင်းကို အောက်တိုဘာ(၂၉)ရက် နေ့မှ စတင်ကာ နိုဝင်ဘာ(၅)ရက်နေ့အထိ (၈)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)